ကျောက်ဆည်မြို့နှင့်တံတားဦးမြို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်   ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့် ကတ္တရာလမ်းအား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနနှင့် ကုဋေထိုက်ကုမ္ပဏီ၊ Rise Up ကုမ္ပဏီတို့မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းရေရှည်ခိုင်မာစေရေးအတွက် (၃)လက်မအရွယ်ကျောက်ဖြင့် ထု(၁၀)လက်မနှင့် (၁/၂)လက်မအရွယ်ကျောက်ဖြင့် ထု(၃)လက်မ စုစုပေါင်း ထု(၁၃)လက်မ ကတ္တရာခင်းခြင်း၊ လမ်းပခုံးမြေသားခင်းပေးခြင်း ၊အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်လမ်းဦးစီးဌာနမှ ခွင့်ပြုငွေကျပ်(၂၂၇)သန်းဖြင့် အရှည်(၁) မိုင်(၆)ဖာလုံ၊ အကျယ်(၁၈)ပေ၊ ထု(၁၃)လက်မ၊ Rise Up ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ်(၂၅၅)သန်းဖြင့် အရှည် (၁)မိုင်(၆)ဖာလုံ၊ အကျယ် (၁၈)ပေ၊ ထု(၁၃)လက်မ၊ ကုဋေထိုက်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၀.၁၃)ကျပ်သန်းဖြင့် အရှည်(၁)ဖာလုံခွဲ၊ အကျယ်(၃၄)ပေ၊ ထု(၁၃)လက်မနှင့် အရှည်(၄) ဖာလုံခွဲ၊ အကျယ်(၂၄)ပေ၊ ထု(၁၃)လက်မ ဆောင်ရွက်လျက်ရှိကြောင်းနှင့်ယခုအခါ လုပ်ငန်းများ (၇၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းပိုင်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သောကြောင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီး သွားပါက ပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)