ပျော်ဘွယ် ဇွန် ၂၅
ပျော်ဘွယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆိတ်ချိုကျေးရွာအုပ်စု တွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်စတင်သည့်နေမှ ယနေ့အချိန်အထိ နိုင်ငံသားပေါင်း(၇၂၄)ဦး၊ အိမ်ထောင်စုပေါင်း(၆၈၇)နှင့် အိမ်ထောင်စုလူဦးရေစာရင်းထပ်တိုးများ၊ ပြောင်းဝင်၊ ပြောင်းထွက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဆိတ်ချိုကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင် နှင့် အဖွဲ့ဝင်များကလည်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)