တံတားဦးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show ) ကျင်းပ

တံတားဦး ၊ ဇွန် ၂၄
 
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ( Talk Show) ကျင်းပ ကြောင်းသိရသည် ။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က မူးယစ်ဆေးဝါးသည် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးနိုင်ကြောင်း ၊ လူငယ်များသည် မူးယစ်ဆေးဝါးကို လက်တည့်မစမ်းစေလိုကြောင်း မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရန် လူသားတိုင်းတွင် တာဝန် ရှိပါကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဌေးအောင်ဇော်က မူးယစ်ဆေးဝါးဆိုသည်မှာ ဘိန်းပင် ၊ ကိုကားပင် ၊ ဆေးခြောက်ပင်တို့ဖြစ်ပြီး မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း သယ်ယူပို့ဆောင်ခြင်း ၊ လွှဲပြောင်းပေးခြင်း ပြုလုပ်လျှင် ဥပဒေပုဒ်မ ၁၆(ဂ)အရ အနည်းဆုံး ထောင်ဒဏ်(၅)နှစ်မှ အများဆုံး(၁၀)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း ၊ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများကို ရောင်းချရန်အတွက် လက်ဝယ်ထားရှိခြင်း သယ်ယူပို့ဆောင်ခြင်း ၊ လွှဲပြောင်း ပေးခြင်း ပြုလုပ်လျှင်ပုဒ်မ ဥပဒေပုဒ်မ ၁၉(က)အရ အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးနှစ် အကန့်သတ်မရှိ ချမှတ်နိုင်ကြောင်း ၊မူးယစ်ဆေး သုံးစွဲရခြင်းမှာ စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်း ၊ မူးယစ်ဆေးစွဲသူ အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း အထင်ကြီးအားကျမိခြင်း ၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများ ဆွဲဆောင်မှုကြောင့် ဆေးသုံးစွဲခြင်းဖြစ်ကြောင်း ၊ လူငယ်လူရွယ်များမှာ စူးစမ်းလိုသောကြောင်းလည်းကောင်း ၊ အပေါင်းအသင်း ကြောင့်လည်းကောင်း ၊ လူမှုရေး ကိစ္စအဆင်မပြေသောင့်ကြောင့်လည်းကောင်း ၊မူးယစ်ဆေးကို စမ်းသပ်သုံးစွဲ မိရာမှ ဆေးစွဲတတ်ပါကြောင်း ၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးကို မည်သည့်အချိန်အခါမျှ မသုံးစွဲကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြောင်းသိရသည် ။
ရဲတင့်(တံတားဦး)