“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အသစ်ဆောက်လုပ်မည့် မြို့ဝင် စစ်ဆေးရေးဂိတ် နေရာအား ကြည့်ရှုစစ်ဆေး

ဟိုပန်  ဇွန် ၂၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်းနှင့် အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်(၁၁)နာရီ အချိန်က ဟိုပန်မြို့တွင် အသစ်ဆောက်လုပ်မည့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ  ဟိုပန်ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဦးလင်းအောင်မှ ဆောက် လုပ်မည့်အတိုင်းအတာနှင့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများအား လုံခြုံစွာတာဝန်ထမ်းဆောင်နိုင်ရန်နှင့် စစ်ဆေးရေးဂိတ်အား ရေရှည်အသုံးပြုနိုင်ရန် အခိုင်အမာအဆောက်အဦတစ်လုံးအား အမြန်ဆောက်လုပ်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ “ဝ”ကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့သည် ကောင်းဟုန်းရပ်ကွက်နှင့် ဈေးရပ်ကွက်သို့ဆက်သွယ်ထားသည့်လမ်းတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားသဖြင့် ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် အဆိုပါလမ်းနှင့်ဆက်သွယ်ထားသည့် ကြားလမ်း(၄)လမ်းတို့တွင် Slow Down များထားရှိရန်၊ ဟိုပန်-မော်ဟွေ့ကျေးရွာသွားလမ်းပေါ်ရှိ ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သော ၃၁ ဘုံစေတီအနီးလမ်းကွေ့နေရာတွင် လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လမ်းဦးစီးဌာနအား မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းနိုင်လင်း