အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ

 

ရန်ကုန် ဇွန်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မဂ္ဂင်ကျောင်းလမ်းတွင် ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဦးခေါင်းနှင့်ကျောကုန်းတွင် ဒဏ်ရာရရှိထားပြီး ဆေးရုံပို့ရန် အကူအညီ တောင်းခံလာသဖြင့် ယမန်နေ့ ညပိုင်းက ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူးဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား (၁)စီးဖြင့် အချိန်နှင့်တစ်ပြေးညီ အဆိုပါ ဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြောက်က္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၂)စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန် မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို