တောင်သူများအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး မျိုးစေ့ချ စက်ကရိယာဖြင့် မျိုးစေ့ထုတ်လုပ်ခြင်း ပြသဆောင်ရွက်

ဘားအံ   ဇွန်    ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှစ်သစ် မျိုးစေ့ထုတ် အသင်း နှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများ မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ချ စက်ကရိယာဖြင့် မျိုးစေ့ထုတ်လုပ် ခြင်းကို နောင်လုံအနောက် ကျေးရွာအုပ်စု တောင်သူ ဦးအောင်ရွှေ၏ လယ်ယာမြေတွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

တောင်သူများ စပါးမျိုးကောင်းမျိုးသန့် ရရှိရေးအတွက် မျိုးစေ့ချစက်ကရိယာဖြင့် ဆင်းသုခနှင့် မနောသုခ စပါးနှစ်မျိုးကို မျိုးစေ့ထုတ်လုပ်ခြင်းဖြစ်ပြီး ယခင်နှစ်က ဘားအံမြို့နယ်အတွင်း မျိုးစေ့ ထုတ်လုပ်ခြင်းကို  (၈၁) ဧက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် မျိုးစေ့ထုတ်စက်ဖြင့် မျိုးစေ့ထုတ်လုပ်ခြင်းကို (၃၅)ဧကကျော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးဆဲင်ဇခုပ် က ပြောကြားသည်။

ဘားအံမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ကောက်စိုက်စက်ဖြင့် ဧက(၅၀) ကျော် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ကောက်စိုက်စက် အသုံးပြု စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှု သက်သာစေပြီး စပါးအထွက်နှုန်းတိုးကာ လယ်ယာလုပ်သား ရှားပါးမှုကိုကျော်လွှားနိုင်မည် ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ချိုထံမှ သိရှိရသည်။

အဆိုပါ တောင်သူများအတွက်မျိုးကောင်းမျိုးသန့်ရရှိရန် မျိုးစေ့ချ စက်ကရိယာဖြင့် မျိုးစေ့ထုတ်လုပ်ပြသဆောင်ရွက်ခြင်းကို နောက်လုံအနောက်ကျေးရွာအုပ်စု အနီးရှိ တောင်သူများမှ လာရောက်လေ့လာ ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)