အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မူဆယ် ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက်၉ နာရီ ၃၀ မိနစ်အချိန်က မူဆယ်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၊ ဈေး၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

“မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ် တိုက်ဖျက် လက်ချင်းယှက်” ၊ “အနာဂတ်ပန်းများ ပွင့်လန်းဖို့  မူးယစ်အန္တရာယ်ကာကွယ်စို့” ဆိုသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်အတိုင်း လူငယ်လူရွယ်များအနေဖြင့် စူးစမ်းလိုသောကြောင့် လည်းကောင်း၊ အပေါင်းအသင်းကြောင့် လည်းကောင်း၊ လူမှုရေးကိစ္စအဆင်မပြေသောကြောင့် လည်းကောင်း၊ စသည့်အမျိုးမျိုးသော အကြောင်းများကြောင့် မူးယစ်ဆေးကို စမ်းသပ်သုံးစွဲရာမှ ဆေးစွဲသွားပြီး မူးယစ်ဆေး၏ သားကောင်၊ မူးယစ်ဆေး၏ ကျေးကျွန်မဖြစ်စေရေးအတွက် အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို လူငယ်လူရွယ်များ ဖတ်ရှုပြီး သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး ကဗျာ၊ ကာတွန်းတို့ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကြီးမားပုံကို စာဖတ်သူများ အချိန်တိုအတွင်း ဖတ်ရှုနိုင်စေရန်အတွက် ရေးသားဖော်ပြထားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေ၍ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများလက်ရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)