အောင်မြေသာစံ ဇွန်၂၄
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းခြင်းဆိုင်ရာအကြောင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်ရာအကြောင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာနှင့်အသိပညာပေးကာတွန်းများဖြင့် ဗဟုသုတဖြစ်ဖွယ် ဝေဝေဆာဆာ ဖော်ပြပါရှိသည်။
အဆိုပါ လက်ကမ်းစာစောင်များကို အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများ၊ အခြေခံပညာ ကျောင်းများ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)