ချင်းပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဟားခါး မတ် ၂၆

ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထန်းချုပ်နိုင်ရေးနှင့် ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များအား ပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄နာရီတွင် ဟားခါးမြို့၊ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ မော်တော်ယာဉ် ဂိတ်များ၊ ခရီးသွားပြည်သူများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးနှင့်အတူ ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်မှူး ဦးမျိုးလွင်ဦး၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှူး ဦးစောမြင့်လွင်၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် အဝေးပြေး ကားဂိတ်များတွင် ယာဉ်များပုံမှန် ပြေးဆွဲနိုင်ရေး၊ ယာဉ်မထွက်မီ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ခရီးသွား ပြည်သူများ သိရှိလိုက်နာစေရေး ကြော်ငြာပေးရန်နှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်တို့ကို သက်ဆိုင်ရာ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား လမ်းညွှန်မှာကြားပြီးနောက် ခရီးသွားပြည်သူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်အတူ ဒေသတွင်းထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့က မိဘပြည်သူများထံ ထုတ်ပြန်ထားသော မေတ္တာရပ်ခံပန်ကြားချက်များကို အလေးထား လိုက်နာ ဆောင်ရွက် နိုင်ရေး ဟောပြောဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ချင်းပြည်နယ် ဟားခါးမြို့ အဝေးပြေးကားဂိတ်မှ အခြားသော မြို့ကြီးများသို့ မော်တော်ယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ အမိန့်နှင့်ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ မော်တော်ယာဉ်များ ပြေးဆွဲခြင်းကို ရပ်နားမည်မဟုတ်ကြောင်း ယာဉ်စီးခများလည်း ပုံမှန်သာဖြစ်ကြောင်း ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှူးထံမှ သိရှိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)