မင်းတပ် မတ် ၂၆
ချင်းပြည်နယ် မင်းတပ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေရန်၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ပြည်နယ်အစိုးရမှလည်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ မင်းတပ်ခရိုင်အတွင်း မြို့နယ်/မြို့ရုံးများရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဂရုတစိုက်အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများမလိုအပ်ဘဲ လူစုခြင်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများ မပြုလုပ်ကြရန်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် လာရောက်တည်းခိုသည့် နိုင်ငံခြားသားများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ အသိပညာပေးရန်၊ ပြည်ပမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား Home Quarantine ၁၄ ရက်ထားရှိရန်၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတင်းတု၊ သတင်းမှားများ နားမယောင်မိစေရန် ဝိုင်းဝန်း ပညာပေးကြရန်၊ စားသောက်ကုန်ရောင်းသည့် စျေးဆိုင်များတွင် စျေးများအဆမတန် မြှင့်တင် ရောင်းချခြင်း မရှိစေရန် သက်ဆိုင်ရာဌာနများမှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် မြို့ဝင်/ထွက် စုပေါင်းဂိတ်တို့တွင် သက်ဆိုင်ရာ ဝန်ထမ်းများကို တာဝန်ပေးအပ်၍ စနစ်တကျ စစ်ဆေးရန်တို့ကို မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ အကြံပေး ဆွေးနွေးကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)