တုံတာမြို့၌ ကလေးငယ်များအား ဗီတာမင် A နှင့် သံချဆေးတိုက်ကျွေး

တုံတာ       ဩဂုတ်    ၁၀

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့နယ်၊   တုံတာမြို့၌ ကလေးငယ်များ အား ဗီတာမင် A နှင့် သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက် ခြောက်လမှ ငါးနှစ်အထိ ကလေးများအား ဗီတာမင် A တိုက်ကျွေး ခြင်းနှင့် အသက် နှစ်နှစ်မှငါးနှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး  မိုးရာသီကာလအတွင်း  ကလေးများ  ဝမ်းလျှော၊  ဝမ်းပျက်ရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများက   အလေးထားဂရုပြုဆောင်ရွက်ကြရန်   ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ခြောက်လတစ်ကြိမ်ဆောင်ရွက်လျက်ရှိပြီး တုံတာမြို့ ပေါ်ရပ်ကွက် (၄)ရပ်ကွက်မှ     ကလေးစုစုပေါင်း    (၁၇၆)ဦး အား တိုက်ကျွေးပေး ခဲ့ကြောင်းသိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)