ရန်ကုန် သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်း ပေါ်ရှိ သခွပ်မြစ်ကူးတံတားအသစ်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူး အဖွဲ့(၁၁) မှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားတစ်စင်းလုံး၏ ၅၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီး ကြောင်း သိရသည်။
သခွပ်မြစ်ကူးတံတားအသစ်မှာ အရှည် ၄၉၅ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂ မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ၂၉.၂၆ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၇.၃၁ မီတာ(၂၄ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီ၊ တံတားအမျိုးအစား မှာ သံမဏိယက်မ၊ သံကူကွန်ကရစ်ယက်မ နှင့် ကြမ်းခြင်းဖြစ်ပြီး၊ တံတား အောက်ထည် သံကူကွန်ကရစ်၊ အချင်း ၁.၀ မီတာ ဘိုးပိုင်၊ တံတားစီမံကိန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၅၀၃ သန်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
သခွပ်မြစ်ကူးတံတားသည် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်းပေါ်တွင် တည်ရှိသော လမ်းပိုင်းဖြစ်ပြီး လက်ရှိအချိန် တွင် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာရှိ ဆယ်အိမ်တန်း ကမ်းခြေသို့ အနယ်အနယ် အရပ်ရပ်မှ ခရီးသွား ပြည်သူများစွာတို့မှာ အပန်းဖြေရန် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များဖြင့် လာရောက် လည်ပတ်လျက်ရှိရာ နေ့စဉ် အစီးရေ ၅၀၀ ကျော် ကူးသန်း သွားလာလျက်ရှိသည်။ အဆိုပါ တံတားဟောင်းမှာ နှစ်ကာလကြာရှည်မှုနှင့် တံတားကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် တံတားအသစ် တည်ဆောက် ခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
ဆက်လက်ပြီး လမ်းဦးစီးဌာနမှ ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း အရှည် ၃၆ မိုင် နှစ်လမ်းသွား လမ်းမကြီးအား လမ်းချဲ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါသခွပ်မြစ်ကူးတံတားသစ် တည်ဆောက်ပြီးစီးခြင်း နှင့်အတူ လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အချင်းချင်း ချိတ်ဆက် သွားလာနိုင်မည်ဖြစ်ရာ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်မှုနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ထို့အတူ ရန်ကုန်မြို့နှင့် အနီးစပ်ဆုံး ပင်လယ်ကမ်းခြေတစ်ခုဖြစ်သော အများပြည်သူများ လာရောက် အပန်းဖြေလျက်ရှိသည့် ဆယ်အိမ်တန်းကျေးရွာရှိ ဆယ်အိမ်တန်းကမ်းခြေ၏ ခရီးသွားလုပ်ငန်းများနှင့် ဒေသထွက် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ တဟုန်ထိုး ပြောင်းလဲ တိုးတက်လာမည်ဖြစ်သည်။
သတင်း-နိုင်လင်းကျော်(ဒလ)၊ ဓာတ်ပုံ-တံတားအထူးအဖွဲ့(၁၁)