ဟိုပန် ဩဂုတ် ၁၀
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသောမဲဆန္ဒရှင်ပြည်သူများစာရင်း မကျန်ရှိစေရေး အတွက် အသိပေးကြေညာခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးအဲလီရှဲ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဝန်ထမ်းများသည် ဟိုပန်မြို့ရှိ မိန်းပန်းရှမ်းရပ်ကွက်၊ မိန်းပန်း(ဝ)ရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ မန်ခွန်ရပ်ကွက်၊ ဈေးရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မန်မိုင်ရပ်ကွက်၊ ရွှေဝါကျေးရွာ၊ နောင်မိုကျေးရွာ နှင့်ကောင်းကော်ကျေးရွာသို့ သွားရောက်ပြီး မဲဆန္ဒရှင်စာရင်း ကြေငြာသည့်ရက် တိုးမြှင့်ခြင်းကို ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် အသိပေးကြေငြာခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မတွေ့/မပါဝင်လျှင် ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မပါသင့်သူများကို ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင်ပါဝင်သည့် အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် လျှောက်ထားနိုင်သည်။
ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ထိ(၁၄) ရက်ကြေညာပေးထားပြီး ဩဂုတ်လ ၁၄ ရက်နေ့ထိ (၇)ရက်ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရသည်။
စိုင်းဇော်ခမ်း (ခရိုင်ပြန်/ဆက်)