သပိတ်ကျင်း ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ Cash for Work စီမံကိန်းပံ့ပိုး ရန်ပုံငွေဖြင့် ကျေးရွာများအတွင်း မြေသားလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် (၆)မိုင် စခန်းသာကျေးရွာရှိ အရှည် (၂၆၇၀) ပေရှိ ရွာတွင်းလမ်းအား ဗြုန်းကျောက်ခင်းခြင်း၊ ကွင်း (၃၀) ကျေးရွာတွင် အရှည်ပေ (၆၀၀) ပေမြေလမ်းအား အနက် (၂) ပေ၊ အကျယ် (၂) ပေ ရေမြောင်းတူးဖော်ခြင်း၊ အရှည် (၁၀၅၀) ပေ ရွာတွင်းလမ်းအား ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းများကို အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် ဌာနဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု့ပြီး သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေမိသားစုများ စားဝတ်နေရေးအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်စေပြီး Cash for Work စီမံကိန်ပံ့ပိုးငွေ သိန်း (၁၀၀) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုး၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)