သီပေါမြို့နယ်တွင် COVID-19 Economic Relief Planဖြင့် မျိုးစေ့ထုတ်ဧက(၅၅)ကို စနစ်တကျစိုက်ပျိုး

သီပေါ      ဩဂုတ်     ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan  အရ ဆောင်ရွက်သော မိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျစိုက်ပျိုးခြင်းကို ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်း ကျေးရွာနှင့် မန်ဟဲကျေးရွာအုပ်စု နားခဲကျေး ရွာ တို့တွင်  ယနေ့နံနက်ပိုင်းကစတင်၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးစေ့ထုတ်ဧကများ စိုက်ပျိုးမှုကို သီပေါမြို့နယ် ဆားတွင်းကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၊ ဦးချင်းမောင်နှင့် ဦးထွန်းမြတ်၏ လယ်များတွင်(၃၀)ဧကနှင့် နားခဲကျေးရွာရှိ တောင်သူ ဦးနန္ဒောနှင့် ဦးကျော်လှတို့၏ လယ်များတွင်(၂၅)ဧက စုစုပေါင်း(၅၅)ဧကကို စတင်စိုက်ပျိုးလျက်ရှိပြီး သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများက နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး နိုင်စေရေး နည်းပညာပိုင်းနှင့်လိုအပ်သည်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်(၅၅)ဧက စိုက်ပျိုးရခြင်းသည် တောင်သူများအနေဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်လာစေရန်၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိမှုကို လက်တွေ့ကျကျသိရှိလာစေရန်နှင့်စပါးအထွက်နှုန်း တိုးပွားကာ စျေးကောင်းရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)