နမ့်ဆန် ဩဂုတ် ၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့လိုက်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)စောင်ကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလာရောက် ထုတ်ယူသည့် မိဘပြည်သူများ၊ ဘဏ်ဝန်ထမ်းများ၊ အလက(၁)ထခွဲကျောင်းတွင် သင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများတို့ကို ဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် မိမိတို့ရပ်ကွက်ရုံးရှိ မဲဆန္ဒရှင်ကပ်ထားရာတွင် မိမိအမည် စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် အမည်မပါရှိခြင်း၊ မှားယွင်းခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲထံ အကြောင်းကြား၍ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင် ဖြည့်စွက် နိုင်ပါရန် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
နမ့်ဆန်မြို့နယ် မြို့နယ်ကော်မရှင်ရုံးမှ ပထမအကြိမ် ကပ်ထားကြေညာထားသည့် အသက်(၁၈)နှစ် ပြည့်ပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ (၃၄၈၅၁)ဦး၊ ရပ်ကွက်၊ကျေးရွာ (၃၃)အုပ်စုတွင် လျာထားမဲရုံ (၅၆)ရုံခန့် ရှိကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)