မိုင်းယောင်း၌ စာဖတ်ဝိုင်း ပြုလုပ်

 

မိုင်းယောင်း မေ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် မေ ၁၇ ရက်နေ့က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “စာအုပ်က လူကိုပြုပြင်ပါတယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက မြို့နယ်ရုံးရှိ ဝန်ထမ်းများအားလုံး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်သည့်အနေဖြင့် စာဖတ်ဝိုင်းကို ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စာဖတ်ရန် တိုက်တွန်း လိုပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းကို မိမိတို့ဝန်ထမ်းများ အရည်အသွေး၊ အရည်အချင်းဖြင့် တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက “စာအုပ်က လူကိုပြုပြင်ပါတယ်” စာအုပ်ထဲမှ စာဖတ်မှ အလင်းရောင်ပိုရမယ်၊ စာဖတ်မှ နွေးထွေးမှုပိုရမယ်၊ စာဖတ်မှပဲ တိုးတက်သာယာမယ်၊ စာဖတ်မှသာ ကြည်နူးပျော်ရွှင်မှုက တာရှည်မယ် စသည့် စာဖတ်ရခြင်းအကြောင်းအရင်းကို လည်းကောင်း၊ စာထောက်(၃)ဒေါ်နန်းပန်က စာအုပ်က လူကိုပြုပြင်ပါတယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာက အလှကိုယ်စီ ဆောင်သည်ချည်းပင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းက လောကထဲကလူလေးမျိုး ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အားချာ