မြဝတီ သြဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကားပြောကြားရာ မဲစာရင်းမှန်ကန်ရေးဟာ အဓိက အရေးကြီးပါကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပြည်သူများပူးပေါင်းပါဝင်လာပြီး မှားနေရင်ပြင်ဖို့၊ မပါရင် ထည့်ဝင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော်စေချင်ပါကြောင်း၊ မိမိတို့အုပ်ချုပ်ရေးမှလည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ် သလို အားလုံးကပူးပေါင်းဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့က မဲဆန္ဒရှင်စာရင်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)