နွားထိုးကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

နွားထိုးကြီး၊   ဩဂုတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ် ၅ ရက် ညနေပိုင်းအထိမဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့် လျှောက်ထားသူ ၁၇၄ ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ ပုံစံ (၄) ဖြင့် လျှောက်ထားသူ ၁၀၇ ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာပုံစံ (၄-ဂ)ဖြင့် ၂၅၄ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်းထံက သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင်ဦးရေ ၁၆၀၂၉၉ ဦးနှင့် လျာထား မဲရုံအရေအတွက် ၂၂၀ ရုံရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)