ဒဂုံမြို့သစ်(အရှေ့ပိုင်း) သြဂုတ် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert များ တည်ဆောက်နေမှုနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ဗိုလ်မြင့်အောင် လမ်းနှင့် တပင် ရွှေထီး လမ်းဆုံတို့၌ မိုးတွင်းကာလတွင် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေစီးရေလာ ကောင်းမွန်ရေးအတွက် Box Culvert ဆောက်လုပ်ခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းကို မြို့နယ်စည်ပင်သာယာ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက် ဖြင့် အသုံးပြု၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Box Culvert တည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းကြောင့် မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ပြီး အများပြည်သူများ မိုးတွင်းကာလတွင် သွားလာ ရေး အဆင်ပြေသည့် အပြင် အနိမ့်ပိုင်းနေရာများ၌ စာသင်ကျောင်းနှင့် လူနေအိမ်များ ရေဝင်ရောက်မှု မရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)