ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး

ရေဇွာ  သြဂုတ်  ၆

ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌကိုယ်စား ရုံးအုပ်ဦးနိန်ထန်း၊ စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဇာမီဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်စစ်ဆေးရာတွင် ဆိုင်ရှင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လက်ဆေးဘေစင်များ စနစ်တကျထားရှိပြီး လက်ဆေးစေခြင်း၊ Hand Gel များ ထားရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်စေခြင်းနှင့် ဆိုင်ရှင်များကိုယ်တိုင် Face Shield များ၊ နှာခေါင်းစည်း Mask များနှင့် လက်အိတ်များ စွပ်ပြီး ရောင်းချရန် ပညာပေး မှာကြားခဲ့ကြောင်း သိရသည်။

အပတ်စဉ် ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်ရှင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း မရှိပါက ပထမအကြိမ် သတိပေးခြင်း ဒုတိယအကြိမ် ဆိုင်(၃) ရက်ပိတ်သိမ်းခြင်း၊ တတိယအကြိမ်တွင် ထိရောက်စွာအရေးယူခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေး ကော်မတီများ က ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)