အင်တောမြို့ ကျောက်ဆုံကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း (၃၀၀) ထုတ်ချေး

အင်တော သြဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)အား COVID-19ကာလအတွင်း ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစား စီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး COVID-19  စီးပွားရေး ကုစားမှု  အစီအစဉ်အရ အင်တောမြို့ ကျောက်ဂူ ကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီး၌ ကျေးရွာမတည် ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အင်တောမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးက အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငေွ T-1 မှ ကျောက်ဆုံကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၈၃) ဦးနှင့် မွေးမြူရေး လုပ်ကိုင်သူ (၂)ဦး စုစုပေါင်း (၈၅)ဦးတို့အား  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ငွေကျပ်သိန်း(၃၀၀)အား ထုတ်ချေး ပေးခဲ့ပြီး ဩဂုတ် ၆ ရက်နေ့တွင် ကျောက်ဂူကျေးရွာအုပ်စု ပုန်းအင်း ကျေးရွာနေပြည်သူများအား ကျေးရွာမတည်ရန်ပုံငွေ T-2 မှ ငွေ ကျပ်သိန်း (၂၀၀) ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 အောင်ခိုင်(အင်တော ပြန်/ဆက်)