ပျော်ဘွယ်မြို့နယ်ရှိ ဘုရားစေတီများ၌ ဝါဆိုလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ပျော်ဘွယ် ဇူလိုင် ၂၉

မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်အခါသမယ နေ့တစ်နေ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းမှ စတင်ကာ ပျော်ဘွယ်မြို့၊ မင်းရာမဘုရားတွင်လည်း ဥပုသ်သီလဆောက်တည်ကြသူများ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူး‌မြော်လျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထူးခြားသည့်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး ဗုဒ္ဓဘုရားလောင်း ပဋိသန္ဓေတည်သည့်နေ့၊ တောထွက်တော်မူသည့်နေ့၊ ဓမ္မစင်္ကြာတရား စတင်ဟောကြားတော်မူသည့်နေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြဋိတော်ကိုပြတော်မူသောနေ့၊ ဘုရားဖြစ်တော်မူသည်ကို ဝန်ခံတော်မူသည့်နေ့၊ တရားရတနာ စတင်ပေါ်ပေါက်လာသည့်နေ့ဟု သိရှိရကာ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် ဝါဆိုလပြည့်နေ့၌ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းများကပ်လှူခြင်း၊ ဓမ္မစင်္ကြာ တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများဖြင့် နှစ်စဉ်ဝါဆိုလပြည့်နေ့တွင် ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင်  စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)