ဝါဆိုလပြည်နေ့(ဓမ္စစကြာအခါတော်နေ့)တွင် တောင်ကြီးမြို့ရှိ ဘုရားစေတီပုထိုးများ၌ ကောင်းမှု ကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားသိုက်မြိုက်

တောင်ကြီး ဇူလိုင် ၂၉

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားဦးဓမ္မစကြာ ဟောကြားတော်မူသည့်နေ့ ဖြစ်သည့်အတွက် ဓမ္မစကြာအခါတော်နေ့ ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားမိဘပြည်သူများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိကြရာ တောင်ကြီးမြို့ရှိ ဘုရားစေတီပုထိုးများမှာလည်း‌ ယနေ့နံနက်ပိုင်းမှစတင်၍ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိကြသည်။

ထို့သို့ ကောင်းမှုကုသိုလ်များ ဆောင်ရွက်ကြရာတွင် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ မိဘပြည်သူများက စေတီတော်ကြီး၌ ဝါဆိုပန်းများကပ်လှူပူဇော်၍လည်းကောင်း၊ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် လည်းကောင်း၊ ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြရာ အထူးစည်ကားသိုက်မြိုက်လျက်ရှိကြသည်။

ထိုနည်းတူ တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး၌လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ခြင်း၊ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြခြင်း၊ သီလဆောက်တည်ခြင်းနှင့် တရားဘာဝနာပွားများခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြသည်။ ထို့အပြင် တောင်ကြီးမြို့ရှိ မြစိမ်းတောင်ဘုရားနှင့် ဘုန်းကြီးကျောင်းများ၊ ဓမ္မရိပ်သာများတွင်လည်း ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် နံနက်မိုးသောက်ချိန်မှစတင်၍ အထူးစည်ကား သိုက်မြိုက်လျက်ရှိကြကြောင်း သိရှိရသည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာ ဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ဖြစ်သည့်အတွက် ထူးခြားလှသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။

ထက်ဝေ(ပြန်/ဆက်)