ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကျင်းပ

မိုင်းယန်း    ဇူလိုင်     ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေး ခဲ့သော နိုင်ငံတော်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေအခြေခံများ၊ ရပ်ကွက်/ ကျေးအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ မြေယာဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံပညာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရပ်/ကျေးအဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်းဆိုင်ရာများ၊ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက် ချက်များနှင့် ရပ်ကျေးအဆင့်တွင်ဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မီးခိုးမြူ လျော့ချရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ် ရေးဆိုင်ရာများ၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ် ရေးဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ လုပ်ငန်းများပါအဝင် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် နိုင်စေရန်ဖြစ်ကြောင်းနှင့်  သင်ကြားပို့ချပေးခဲ့သော အကြောင်းအရာများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေုးရွာနေ ပြည်သူများအား ပြန်လည်အသိပညာပေး မျှဝေစေလို  ကြောင်း ရှင်းလင်းပြောကြားသည်။  ထို့နောက် ခရိုင်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် တာဝန်ရှိသူများမှ သင်တန်း နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့်သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသားအားလုံးကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား (၁-၇-၂၀၂၆)ရက်နေ့မှ (၂၈-၇-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားခဲ့ပြီး  မိုင်းယန်းခရိုင်၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စုရှိ အုပ်ချုပ်ရေးမှူး(၂)ဦး၊ မြို့ပေါ်(၁၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး(၁၁)ဦး စုစုပေါင်း (၁၃)ဦးနှင့် ရပ်ကျေးစာရေးများ တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး