ကော့မှူး၌ နိုင်ငံတော်အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်

ကော့မှူး ဇူလိုင် ၂၉

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက် လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဝါးဘလောက်သောက်) ကျောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်တို့က လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်ပြားများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ အ.ထ.က (ဝါးဘလောက်သောက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမင်းဦးတို့က ကျောင်းသား/ကျောင်းသူ (၁၄၅) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်းနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)