မြစ်ကြီးနား ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးရန်နောင်က အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်း စာများကို လက်တွေ့အသုံးချရာတွင် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်သပေါက်ပြီးဖြစ်သည့် အတွက် မြေပြင်တွင် အခက်အခဲမရှိစေဘဲ လွယ်ကူလျင်မြန်စွာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုစနစ်တကျ တိုးတက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ရပ်/ရွာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုမိုးရေးကို အထူးအလေး ထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ဇူလိုင် ၁ ရက်နေ့မှ စတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆိုပါ သင်တန်းမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနက် သင်တန်းသားထူးချွန် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်အုပ်ချုပ်ရေးမှူးက လည်းကောင်း အသီးသီးပေးအပ်သည်။
အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်း ဥပဒေနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် မြစ်ကြီးနား မြို့နယ်အပါအဝင် ရွှေကူ၊ ဖားကန့်၊ မချမ်းဘော၊ တနိုင်း စသည့် မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစုစုပေါင်း (၁၂၂) ဦးတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနအဖွဲ့အစည်း (၁၇)ခုတို့မှ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)