တာမွေ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်အတွင်းရှိ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောက်တံတားခရိုင် အတွင်းရှိ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများသည် မြို့နယ်အလိုက် သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းတွင် ကျောက်တံတားခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်ဌာန ဆိုင်ရာဘာသာရပ်များကို ၂၀၂၆-ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)