ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာ၊ မြန်မာဘာသာ (၂)မျိုးဖြင့် ထုတ်ဝေသည့် ပုံပြပုံပြင်စာအုပ် တစ်သိန်းကျော် ဖြန့်ဝေပေးနိုင်ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမပေါင်း တစ်ထောင်ကျော်ခန့်အပ်ထားနိုင်ခဲ့

မြစ်ကြီးနား ဇူလိုင် ၂၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသည့် တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ (၂)မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို ကချင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များထံ စာအုပ်ပေါင်း တစ်သိန်းကျော်ဖြန့်ဝေပေးနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမပေါင်း တစ်ထောင်ကျော် ခန့်အပ်ထားခဲ့ပြီး ဆက်လက်ခန့်အပ်နိုင်ရေး သင်တန်းပေးလျက်ရှိကြောင်း ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ စာအုပ်ရေစုစုပေါင်း (၉၂၈၃၈)အုပ်ကို သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များထံ ပေးအပ်ဖြန့်ဝေထားနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စာအုပ်ပေါင်း (၃၈၇၃၁)ကို ဆက်လက်ဖြန့်ဝေပေးအပ်သွားမည်ကြောင်းနှင့် စာအုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြန့်ဝေနိုင်ရေး ဝိုင်းဝန်းဖြန့်ဖြူးပေးကြရေး တိုက်တွန်းမှာကြားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစကားသင် Teaching Assistant(TA) နှင့် Language Teacher (LT) ဆရာ၊ ဆရာမများကိုလည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ ဆရာ၊ ဆရာမစုစုပေါင်း (၁၁၂၂) ဦးတို့ ခန့်အပ်ပေးနိုင်ခဲ့သည့်အပြင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ကိုလည်း ဆရာ၊ ဆရာမများ ထပ်မံခန့်ထားနိုင်ရေး မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်နှင့် ပူးပေါင်း၍ တိုင်းရင်းသားဘာသာစကားသင် ဆရာအတတ်ပညာ အရည်အသွေး မြှင့်အထောက်အကူပြုဆွေးနွေးပွဲကို သင်တန်းသား (၃၃) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ပုံပြပုံပြင်စာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယခုဘဏ္ဍာ နှစ်အတွက် ပဉ္စမအကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့သည့် ဂျိန်းဖော (၈၅၇၇) အုပ်၊ လာချိဒ် (၃၀၇၁) အုပ်၊ လော်ဝေါ် (၇၆၅၀) အုပ်၊ လီဆူ (၂၂၃၃) အုပ် ၊ ရဝမ် (၉၂၀၀) အုပ်၊ ဇိုင်းဝါး (၁၂၀၀) အုပ်၊ တိုင်းလေ (၄၈၀၀) အုပ်နှင့် တိုင်းခမ်းတီ (၂၀၀၀၀) အုပ်တို့ကို သက်ဆိုင်ရာတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့များမှ ခေါင်းဆောင်များထံ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)