မြစ်ကြီးနား ဇူလိုင် ၂၉
ကချင်ပြည်နယ်အနေဖြင့် ခရိုင် (၄) ခရိုင်၊ မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာ (၇) ရွာကို နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း မြေငှားဂရန်ထုတ်ပေးနိုင်ရေး ပြည်နယ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ ခေါ်ဆက်နောင်းကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သည့် မြေငှားဂရန်များကို ကျေးရွာဘုရားကျောင်း၌ ကျေးရွာနေပြည်သူများအတွက် ထုတ်ပေးခဲ့ကြသည်။
အဆိုပါ မြေငှားဂရန်များ ထုတ်ပေးခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာမြေများအတွင်း ပိုင်ဆိုင်မှု အထောက်အထားကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်အထောက်အထားဖြစ်သော မြေငှားဂရန်ရှိခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိစေမည်ဖြစ်ပြီး နိုင်ငံတော်မှ ရသင့်သည့် အခွန်ငွေများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်းအကျိုးရှိသော ကျေးရွာမြေငှားဂရန်များကို သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပြီးစီး၍ ထုတ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်မြေစာရင်းဦးစီးမှူးတို့က ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အဆိုပါကျေးရွာမှ အိမ်ခြေ (၅၃)၊ အိမ်ထောင်စု (၅၃) စု၊ ဧရိယာ (၁၆) ဧကတို့အတွက် မြေငှားဂရန်များကို ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြရာ ကျေးရွာဘာသာရေးဆရာတစ်ဦးက ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးစီမံကိန်းလုပ်ငန်းအသစ်များ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ရန်ပုံငွေထပ်တိုးမတည် လည်ပတ်မည့်လုပ်ငန်းများအတွက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် (ရန်ပုံငွေစက်ဝန်းအလိုက်) လုပ်ငန်းစီမံကိန်းများကို စိစစ်ရွေးချယ်၍ ရန်ပုံငွေများကို သက်သာသော အတိုးနှုန်းများဖြင့် ချေးငွေရယူနိုင်ရေး စိစစ်ချထားပေးခဲ့ခြင်းဖြစ်ရာ ယခု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ရန်ပုံငွေရယူလိုသည့် စီမံကိန်းယူနစ်အသစ် (၂၀) ခုတို့နှင့် စီမံကိန်းယူနစ် အဟောင်းများထဲမှ ထပ်တိုးရယူလိုသည့် လုပ်ငန်းစီမံကိန်း (၂၄) ခုတို့အတွက် လုပ်ငန်းများ အဆက်မပြတ်လည်ပတ်နိုင်ရေး တင်ပြတောင်းခံလာသော စီမံကိန်းယူနစ်ပေါင်း (၄၄) ခုတို့အား လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများတိုးမြှင့်ချထားပေးနိုင်ရေး စိစစ်ဆွေးနွေး၍ ရန်ပုံငွေချထားရန် ဆုံးဖြတ်ပေးခဲ့ကြသည်။
ထို့အတူ ခရိုင်အလိုက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကလည်း သက်ဆိုင်ရာ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာများတွင် ရန်ပုံငွေချထားလည်ပတ်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ စီမံကိန်းအလိုက် လုပ်ငန်းအတိုး/အရင်းရငွေ ကောက်ခံရရှိမှုအခြေအနေများကိုလည်း အသီးသီးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းအလိုက် မြေပြင်ကွင်းဆင်းပြီး အမှန်တကယ် လုပ်ကိုင်သူများအား ချေးငွေများချထားပေးနိုင်ရေး၊ ထို့အတူ စဉ်ဆက်မပြတ်ကြပ်မတ်ကွပ်ကဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးကြရေး၊ ရန်ပုံငွေအတိုး/အရင်းရငွေများကိုလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ပြုစုထားရှိရေး မှာကြားခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် (ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး) ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နေရာချထားပေးခဲ့သော ဝိုင်းမော်ဇုံနယ်လီဆူနှစ်ခြင်းအသင်းတော်များအဖွဲ့ စခန်းသို့ သွားရောက်ခဲ့ကြပြီး အိမ်ထောင်စု စုစုပေါင်း (၁၆၈) စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၆၈) အိတ်ကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)