မြိတ် ဇူလိုင် ၂၇
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် နယ်လှည့်အထူးကုဆေးကုသရေးအဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဒေသခံပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၃)ထပ်ဆောင်တွင် ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့်အတူ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းမှ စတင်ကာ အခမဲ့ဆေးကုသပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုသို့လာရောက်ကုသရာ၌ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး(ရန်ကုန်)၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ၊ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ၊ အသည်းရောဂါဆိုင်ရာ၊ နှလုံးရောဂါဆိုင်ရာ၊ အရိုးအကြော အဆစ်ဆိုင်ရာ (လေးဖက်နာ/အဆစ်အမြစ်ရောင်)၊ အထွေထွေရောဂါဆေးပညာ၊ ကလေးနှလုံးရောဂါဆိုင်ရာ ရောဂါများကို ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဇူလိုင်(၂၇)ရက်နှင့်(၂၈)ရက်တို့တွင် အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လာရောက်ကုသပေးခြင်း ဖြစ်သည်။
အထူးကု ဆေးကုသရေးအစီအစဉ်တွင် ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန်အတွက် မြိတ်ဒေသရှိ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ စာရင်းပေးခဲ့ကြရာ ဝေဒနာရှင်(၂၀၀၀)ကျော်ရှိကာ လာရောက်ပြသသည့် ဝေဒနာရှင်များကိုလည်း ဘာသာရပ်များအလိုက် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက စမ်းသပ်ကြည့်ရှုပေး၍ လိုအပ်သောကုသမှုနှင့် အကြံပြုချက်များ ဆောင်ရွက်ပေးလျက်ရှိနေမှုအား တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)