ရန်ကုန် ဇူလိုင် ၂၆
သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေရသော လူနာများအတွက် ကျောက်ကပ်ဆေးစက်များ ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၄ ရက်နေ့ နံနက်( ၉ )နာရီတွင် ဆေးရုံအုပ်ကြီးရုံးခန်းမ၌ ပြုလုပ်သည်။
အစီအစဉ်အရ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က ကျောက်ကပ် သန့်စင်စက်များဖြင့် ကျောက်ကပ်ဝေဒနာရှင်များ ကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောက်ကပ်သန့်စင်စက် အလှူရှင်များ ဖြစ်ကြသော သန်လျင်မြို့နယ် သူဌေးကွင်း ကျေးရွာနေ (ဦးသန်းအေး) ဇနီး ဒေါ်ဝင်းကြည်(ပြည်ကြီးရတနာဆန်စက်)နှင့် သန်လျင်မြို့ မြို့မဈေး ရုံ(၆)အခန်း(၁၇-၁၈)နေ ဦးကျော်ဆွေဇနီး ဒေါ်မြမြအေး(အအေးနှင့်ကုန်မျိုးစုံ)မိသားစုတို့က တစ်လုံးလျှင် ကျပ်သိန်း(၆၀၀)တန်ဖိုးရှိ ကျောက်ကပ်သန့်စင်စက်များ ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးတင့်၊ဆေးရုံအုပ်ကြီး ဒေါက်တာချောနဒ္ဒီတို့က လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အလှူရှင်များက ကျောက်ကပ်သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုခဲ့ကြသည်။
သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ကျောက်ကပ်သန့်စင်စက်များ ဖြစ်မြောက်ရေးအတွက် ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဆေးရုံ ရုံးအဖွဲ့ ၀၉ ၂၅၄၀၃၂၉၆၈၊ ကျောက်ကပ်သန့်စင်စက် ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်ဝင်း ဖုန်း ၀၉၅၀၅၉၁၂၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)