တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲ တက်ရောက်

မြိတ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၏ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတိုးချဲ့ရေးနှင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး အတွက် Royal Myeik Hotel တွင် ကျင်းပသည့် မြိတ်မြို့ ဒေသဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲ တက်ရောက်သည်။

တွေ့ဆုံပွဲ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အရှည် လျားဆုံးကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့်ဒေသဖြစ်ပြီး မြိတ်ခရိုင်သည် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေး၏ အဓိကဗဟိုချက်တစ်ခု ဖြစ်ကြောင်း၊  မြိတ်ကျွန်းစု ပင်လယ်ရေကြောင်း သယံဇာတများ၊ ရှားပါးဇီဝမျိုးစုံများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ် မြက်ခင်းများနဲ့ သဘာဝ အလှအပများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း အတွက်ပါ တန်ဖိုးကြီးသည့် သဘာဝအမွေအနှစ်များဖြစ်ကြောင်း၊  မြိတ်ခရိုင်သည် ခရီးသွားလုပ်ငန်းအပြင် ရေလုပ်ငန်း၊ ပုလဲမွေးမြူရေး၊ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၊  ပို့ကုန်လုပ်ငန်းနှင့် အဏ္ဏဝါအခြေပြု စီးပွားရေးတို့ကို ချိတ်ဆက် ဖွံ့ဖြိုးနိုင်သည့် မဟာဗျူဟာမြောက် အားသာချက်ကို ပိုင်ဆိုင်ထားကြောင်း၊ မြိတ်ကျွန်းစုသည် အဏ္ဏဝါသယံဇာတ၊ သဘာဝရှုခင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစပ်တည်ရှိနေပြီး ထူးခြားသည့်ဒေသဖြစ်သဖြင့် ဒီအားသာချက်တွေကို ထိန်းသိမ်း အသုံး ချကာ အရည်အသွေးမြင့် ပင်လယ်ခရီးသွားဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရေရှည်အမြင်နဲ့ ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၏ အန္တိမ ရည်ရွယ်ချက်အနေဖြင့် ခရီးသွား ဧည့်သည် အရေအတွက် တိုးပွားလာစေရန် တစ်ခုတည်းမဟုတ်ဘဲ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက် ကောင်းမွန်လာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည် ထိန်း သိမ်းနိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးရေး၏ အသီးအပွင့်များကို ပြည်သူများ မျှတစွာ ခံစား ရရှိနိုင်စေရန်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်မြို့ ခရီးစဉ်ဒေသတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက် နိုင်စေရေးအတွက် မြိတ်ခရိုင် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား ကြသည်။ ဆက်လက်၍  ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များမှ တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး ဖွံ့ဖြိုး ရေးရန်ပုံငွေ ကျပ်သိန်း(၂၀၀)လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လက်ခံရယူပြီး နိဂုံးချုပ် အမှာ စကားပြောကြားသည်။

မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံ၏အဖိုးတန် အဏ္ဏဝါအမွေအနှစ် ဒေသတစ်ခုဖြစ်သကဲ့သို့ အနာ ဂတ်တွင် အရည်အသွေးမြင့် အဏ္ဏဝါခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် ကြီးမားသည့် အလားအလာများကို ပိုင်ဆိုင်ထားသည်။ သဘာဝအရင်းအမြစ်များကို တန်ဖိုးထား ထိန်းသိမ်းရင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်သော အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ခရီးသွား လုပ်ငန်းစနစ်တစ်ရပ်ကို တည်ဆောက် ရမည်ဖြစ်သည်။

ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍ၊ ဒေသခံ ပြည်သူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးသည် အပြန်အလှန်ယုံကြည်မှု၊ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတို့ကို အခြေခံပြီး လက်တွဲညီညီဆောင်ရွက်ကြခြင်းဖြင့် မြိတ်ခရိုင်သည် မြန်မာနိုင်ငံ၏ဂုဏ်ယူဖွယ်ရာ ပင်လယ်ခရီးသွားဒေသတစ်ခုအဖြစ်သာမက ဒေသတွင်းတွင် ထင်ရှားသည့် အဏ္ဏဝါခရီးသွားဒေသ တစ်ခုအဖြစ် တိုးတက်ရပ်တည်နိုင်ဖြစ်မည်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)