ကျောက်မဲ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသည့် “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် ဆရာမ ဒေါ်နန်းရွှေအုံက “မိမိသာလျှင်မိမိဘဝ၏ပဲ့ကိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မူမူသိန်းက “ဝိုးတဝါးလမ်းနှင့်အတွေးအမြင် အလင်းရောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအာကာလင်းက “အပြုအမူကောင်းများအတွက် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း စာအုပ်ပါအကြောင်းအရာများကို အသီးသီး ဦးဆောင်ဆွေးနွေးကြသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက အပြန်အလှန် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတွေးအခေါ်အယူအဆများ ဖလှယ်နိုင်ရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းများကို လစဉ်စနစ်တကျ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)