လင်းခေး ဇူလိုင် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်၊ မြေယာပြဿနာများ အငြင်းပွားမှု လျော့ပါးစေရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဒေသ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်လျက်၊ ရက် (၁၀၀)စီမံချက်အရ၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၇၀)ဦးအတွက် ကျေးရွာမြေငှားဂရန်ပေးအပ်သည့် အခမ်းအနားကို ၎င်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြေငှားဂရန်များ မပေးအပ်မီ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ယခုကဲ့သို့ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ လျှောက်ထားသည့် မြေနှင့်စပ်လျဉ်းပြီး မြေကြီး၊ မြေပုံ မှန်ကန်စေရေး၊ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ရေးဆွဲရခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားခြင်းမရှိစေရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ အစရှိသည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မြေနေရာပိုင်ဆိုင်မှုခိုင်မာရေး၊ မြေငှားဂရန်လျှောက်ထားခြင်းဖြင့် မြေယာပိုင်ဆိုင်မှုအငြင်းပွားမှုများ လျှော့နည်းလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနမှလည်း မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စီမံချက်ရေးဆွဲကာ မြေငှားဂရန်များ ထုတ်ပေးလျက်ရှိကြောင်းတို့ကို ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က နားကုန်းကျေးရွာအုပ်စုရှိ ပြည်သူတို့ထံလက်ဝယ်အရောက် ကျေးရွာမြေငှားဂရန်များ တစ်ဦးချင်းအလိုက် ပေးအပ်ကြပါသည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါကျေးရွာအုပ်စုတွင် အိမ်ခြေ (၅၁၀)၊ ဦးပိုင် (၃၅၀)ခန့်ရှိသည့်အနက် ရက်(၁၀၀)စီမံချက်ကာလအတွင်း ပထမအကြိမ်အဖြစ် ဦးပိုင်ပေါင်း (၇၀)ဦးအား ကျေးရွာမြေငှားဂရန် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)