နောင်တရား ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ရှိ ခြွီအွီးအာလူးအအေးခန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ လူမူရေးဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လျှပ်စစ်စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ စန္တားခမ်း ခြွီအွီးအာလူးအအေးခန်း စက်ရုံတာဝန်ခံ ဦးခွန်ကျော်သောင်းတို့က ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စန္တားခမ်းခြွီအွီးအာလူး အအေးခန်းအစုရှယ်ယာရှင်များနှင့်တွေ့ဆုံပွဲ၌ အဖွင့်အမှာစကားပြောကြားရာတွင် အာလူးအအေးခန်းစက်ရုံဖွင့်လှစ်ခြင်းသည် ဒေသထွက်အာလူးများကို အရည်အသွေးမပျက် ထိန်းသိမ်းနိုင်စေပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်သည့်အပြင် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါကြောင်းပြောကြားပြီး စက်ရုံတာဝန်ခံ ဦးခွန်ကျော်သောင်က စက်ရုံတည်ဆောက်မှု၊ သိုလှောင်နိုင်မှုပမဏ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နောင်တရားမြို့၊ စန္တာခမ်းဓမ္မရုံ၌ ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက လမ်း၊ တံတား၊ သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးအထောက်အပံ့နှင့် အခြားဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက မေးမြန်းတင်ပြချက်များအပေါ် ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)