ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနား တက်ရောက်

အေးသာယာ ဇူလိုင် ၂၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ နောင်အင်ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်း၌ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက တက်ရောက်လာသည့် တိုင်းရင်းသားများထံ ထောပ်ပံ့ပစ္စည်းများပေးအပ်ရာ ထနော့တိုင်းရင်းသားအဖွဲ့မှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းရင်းသားအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အခမ်းအနားအစီအစဥ်အရ တက်ရောက်လာသည့် တိုင်းရင်းသားအဖွဲ့များအား မူးယစ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဇော်ထူးအောင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒေါ်မင်းမင်းသာက တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ဖြိုးဝေက လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် အေးအေးမာက အမျိုးသမီးအခွင့်အရေးမသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးကိစ္စရပ်များ၊ လူမှုရေးပင်စင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဗမာတိုင်းရင်းသား၊ အင်းသားတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသားလီဆူတိုင်းရင်းသား၊ ထနော့တိုင်းရင်းသားလူမျို(၁၂၀)ဦးအား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းမေးခွန်းလွှာများ ရှင်းလင်းဆွေးနွေးတင်ပြပြီး စစ်တမ်းအစောင်(၁၀၀)ကောက်ယူခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)