ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

 ရန်ကုန် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (အ.လ.က) လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် အခမ်းအနားအတွင်း ပြခန်းများနှင့် ပြိုင်ပွဲများဖြစ်သည့် ပန်းချီပြိုင်ပွဲ၊ စာပေစကားဝိုင်းအား ကြည့်ရှုအားပေး၍ ပါဝင်ဆွေးနွေးသူများအား လက်ဆောင်များပေးအပ်ခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်အရောင်းဆိုင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေး ပြခန်း၊ မီးသတ်ဦးစီးဌာန ပြခန်း၊ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုနည်း ပြခန်း၊ ကျောင်းစာကြည့်တိုက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြခန်း၊ ပညာရေး ပြခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ၊ Smart City ပြခန်း၊ E-Library ၊ Energiser Quiz ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများစသည်တို့ကို လှည်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး (သုဝဏ္ဏ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် ဖျော်ဖြေတင်တက်၍ ဖွင့်လှစ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာမ ပေါက်ပေါက်ကို ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်သည်။

ယင်းနောက် အခမ်းအနားအတွက် အလှူရှင်များက အလှူငွေများကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။

၎င်းနောက် ရန်ကင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (လေ့ကျင့်ရေး) မှ ကျောင်းသူများက “ထာဝရသစ္စာ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)