ကြည့်မြင်တိုင်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၂၃

ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျန်းမာရေး စောင့်ရှောက်မှုအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့သည်။

ပြည်သူ့စကားဝိုင်း (Public Talk)တွင် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ပြည်သူ့စကား၀ိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာ၊ အလုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာနီလာစိုး၊ အလုံခရိုင်တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှ ဒေါက်တာနုနုထွေးဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်စန္ဒာ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းတို့က ရာသီတုတ်ကွေးရောဂါများအကြောင်း၊ သွေးလွန်တုတ်ကွေး အန္တရာယ်မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်သင့်ကြောင်း၊ ခွေးရူးရောဂါမဖြစ်ပွားစေရေး ခွေးကိုက်ခံရပါက ကာကွယ်ဆေးထိုးသင့်ကြောင်းနှင့် ပြည်သူလူထုမှ ပူးပါင်းပါ၀င် ဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)