တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ

တာမွေ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာ မူလတန်း ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး ” ခေါင်းစဉ်ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူလေး များ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ခဲ့ကြသည့် ကျောင်းသား/သူလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တက်ရောက် လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်‌ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာမူ လတန်းကျောင်းမှ ကျောင်း တာဝန်ခံဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် တာမွေမြို့နယ် အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုရာမှတစ်ဆင့် အသိဉာဏ် ပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ထက်တံခွန်(ပြန်/ဆက်)