မိတ္ထီလာ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးဆိုင်များ ဘေးအန္တာရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒေါ်ချောစုထွေးနှင့် ဝန်ထမ်းများက မိတ္ထီလာမြို့ပေါ်ရှိ ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသားသူများအား အစားအသောက်များမှတဆင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များရောင်းချမှု ရှိမရှိ၊ မုန့်ထုတ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့်ဖော်ပြထားခြင်း ရှိမရှိ၊ အခြားအစားအသောက်များကို ယင်နားစာများမဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်းရှိမရှိတို့ကို စစ်ဆေးပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)