ကျောက်ဆည်မြို့နယ် မုံ့ပေါင်းကျေးရွာ၌ နေ့စဉ်ဝင်ငွေရရှိရေး ခရမ်းပင်များ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်များ၊ မြောင်းများ ပေါများသည့်အတွက် တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရပြီး မုံ့ပေါင်းကျေးရွာမှ တောင်သူ ဦးစိုးဝင်းသည် နေ့ဝင်ငွေရရှိရေး ခရမ်းပင်များစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ခရမ်းပင်များ စိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ ခရမ်းမျိုးစေ့များကို “ဦးစွာပျိုးထောင်ပြီး ပျိုးပင်တစ်လသား အရွယ်မှာ သန်မာတဲ့ပျိုးပင်တွေရွေးချယ်ပြီး မြေပြင်ထားတဲ့ယာကွက်ထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အရောက်တွင် ခရမ်းအပွင့်များပွင့်လာပြီး နောက်ထပ် ရက်ပေါင်း ၆၀ ကြာတဲ့အခါမှာတော့ ရောင်းတန်းဝင်ခရမ်းသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ခူးဆွတ် ရောင်းချရာ၌ လေးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူ ကြောင်း၊ ခရမ်းပင်သည် မြေကောင်းပြီး အပြုအစုကောင်းပါက အချိန်တစ်နှစ်အထိ လေးရက်ခြားပုံမှန် ခူးဆွတ်ရောင်းရကြောင်းနှင့် ခူးဆွတ်ရောင်းချချိန်ကြာသည့်အတွက် ပွဲရုံသွင်းဈေး တစ်ပိဿာ ငါးရာ ကျပ်မှ တစ်ထောင့်ရှစ်ရာကျပ် အထိ အမျိုးမျိုးရောင်းချရကြောင်း ခရမ်းစိုက်တောင်သူ ဦးစိုးဝင်းက ပြောပြသည်။

ခရမ်းပင်သီးနှံသည် ကိုင်းဖြာထွက်သည့် ကာလရှည်သီးနှံတစ်မျိုးဖြစ်ပြီး ရေကြိုက်နှစ်သည့်အတွက် မြေအစိုဓာတ်မပြတ် ရေသွင်းရေထုတ် ပြုလုပ်နိုင်ရေး မြေဘောင်များ ပြုလုပ်ပြီး စိုက်ပျိုးရာ၌ မြေအမျိုးအစားပေါ် မူတည်၍ တစ်ပင်နှင့်တစ်ပင် ၅ ပေအကွာ၊ ၆ ပေအကွာ စိုက်ပျိုးကြကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ပေးရပြီး၊ အသီးကင်း စတင်ချိန်တွင် အစိုဓာတ်မပြတ်ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးနှင်ဆေးများ ဖျန်းပေးခြင်းဖြင့် အသီးအပွင့်များ ပို၍သီးပွင့်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)