မတ္တရာ ဇူလိုင် ၂၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ မတ္တရာဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပြီး ဓာတ်အားလွှတ်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ ဓာတ်အားခွဲရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ် ဦးကျော်သူတို့မှ ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က စက်ခလုတ်နှိပ်၍ ဓာတ်အားလွှတ်ပေးခဲ့ပြီး ဓာတ်အားခွဲရုံ အတွင်းသို့လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့မိ/မြို့ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ နည်းပညာပိုင်းဆိုင်ရာများ နှင့် အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးပါသော မြို့နယ်လျှပ်စစ် မန်နေဂျာနှင့် အဖွဲ့၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ ကူညီဆောင်ရွက်ပေးပါသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးပါသော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးပါသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အား အမှတ်တရသစ်သီးခြင်း လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်အား မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင် အရာရှိချုပ် ဦးကျော်သူက ဖွင့်ပွဲအမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်မှ တာဝန်ရှိသူများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရာသား