အမရပူရ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများ၌ဆိတ်ပလိပ်ရောဂါ (PPR) စူးစမ်းထောက်လှမ်းခြင်းနှင့် ဆိတ်ပလိပ် ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇူလိုင် ၂၃ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိတ်ပလိပ်ရောဂါ (PPR)စူးစမ်းထောက်လှမ်းခြင်း ဆောင်ရွက်ရာတွင် ဆိတ်များမှသွေးဖောက်ယူပြီး သွေးရေကြည်များကို မန္တလေးဓာတ်ခွဲခန်းသို့ပို့ဆောင်ခြင်း၊ ဆိတ်ပလိပ်ရောဂါနှင့်ပတ်သတ်၍ ရောဂါဖြစ်စေသည့်ပိုး၊ ကူးစက်ခံရသည့်တိရစ္ဆာန်များ၊ ရောဂါပျိုးချိန်၊ ရောဂါကူးစက်သည့်လမ်းကြောင်းများ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းဆိတ်ပလိပ်ရောဂါဖြစ်ပွားပါက ဆိတ်မွေးမြူသူများအနေဖြင့် စီးပွားရေးထိခိုက်နိုင်ပြီး မိမိတို့ဌာနအနေဖြင့် စီးပွားဖြစ်မွေးမြူသူများ၊ တစ်နိုင်တစ်ပိုင်မွေးမြူသူများအားရောဂါရှာဖွေဆောင်ရွက်ပေးကြောင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး Dr. သူဇာမြင့်က ပြောကြားပြီး ကျေးရွာငါးရွာရှိ ဆိတ်အကောင်ရေ ၇၀ အား ဆိတ်ပလိပ်ရောဂါ (PPR) စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လဲ့လဲ့ခိုင်