ဟားခါး ဇူလိုင် ၂၂
ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ၂၀၂၆ ခုနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် လူငယ်ရေးရာပွဲတော်သို့ ချင်းပြည်နယ်မှ သွားရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ သြဂုတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် လူငယ်ရေးရာပွဲတော်သို့ ချင်းပြည်နယ်မှ သွားရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)