ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တပေါင်းကွင်း(တောင်) ဘက်ပတ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး  ဇူလိုင် ၂၂

ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးနှင့် တောင်ကြီးမြို့တွင်းလမ်း ကောင်းမွန်ရေး၊ ယာဥ်များသွားလာလွယ်ကူချောမွေစေရေးအတွက် ဇူလိုင်(၂၁)နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ တပေါင်းကွင်း(တောင်) ဘက်ပတ်လမ်းကတ္တရာခင်းခြင်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိတပေါင်းကွင်း (တောင်) ဘက်ပတ်လမ်းအား မြေမှ ကတ္တရာခြင်း၊ (မြောက်)ဘက်နှင့် (အနောက်)ဘက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နဂါးရေထွက်လမ်းအားမြေလမ်းမှ ကတ္တရာခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများအနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးထားသည့် လမ်းများကိုရေရှည် တည်တံ့ကောင်းမွန်စေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ကြောင်းနှင့် လမ်းဘေးရေနှုတ်မြောင်းများလည်း ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်သွားကြရန် ဖြည့်စွက်မှာကြားပြီး ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးသွားသောလမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)