ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ဟိုပုံး   ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရန်နှင့် အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်‌ငွေများ ရှာဖွေလာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ ထူးချွန်သင်တန်းသူ (၅)ဦးကို သတ်မှတ်ချက်များနှင့် အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ် သွားမှာဖြစ်ပါကြောင်း၊ ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်း ပညာသင်တန်းမှာ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲ၊ ကလေးဝတ်ဂါဝန်၊ ကလေးသင်္ဘောသားအင်္ကျီ၊ ဟာဝေယံရှပ်အင်္ကျီ၊ လုံချည်၊ သုံးလွှာစကပ်၊ ချိတ်စကပ်၊ ကလေးဝတ် ဘောင်းဘီစတဲ့ ဘာသာရပ်ပေါင်း(၁၁)မျိုးကို သင်ကြားပို့ချပေးခဲ့ပြီး မွမ်းမံသင်တန်းမှာတော့ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလုပ်ငန်းများပေါ် ထွက်လာရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာတွေ၊ လုပ်ငန်းအရင်းအနှီးတွေ၊ ပူးပေါင်းကူညီမှုတွေဖြင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားကြပါ၊ သင်ယူတတ်မြောက်ပြီးသည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချပြီး မိမိတို့တစ်ပိုင်တစ်နိုင် လုပ်ငန်းမှစ၍ အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ တို့က ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ သင်တန်းထွက် ကုန်ချောပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသုံးကုန်ချောပစ္စများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ(၉)ရက်နေ့မှ ဇူလိုင်လ(၂၂)ရက်နေ့အထိ စာတွေ့/ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)