ချမ်းအေးသာစံ ဇူလိုင် ၂၂
၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူး အားကစားခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ၍ အခမ်းအနားကို အစီအစဉ် အတိုင်းကျင်းပခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့မှ စက်တင်ဘာ (၂) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ် အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရန် ၊ ပိုက်ကျော်ခြင်းအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူ ပြုစေရန်နှင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားအထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများကို လိုက်လံနှုတ်ဆက်၍ အားကစား ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပြီးနောက် ပွဲဦးထွက် ကျောက်ဆည်အသင်းနှင့် အမရပူရ အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို အားပေးကြည့်ရှုခဲ့သည်။
၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် (၂)ယောက်တွဲ၊ (၃)ယောက်တွဲ နှင့် (၄)ယောက်တွဲ ပြိုင်ပွဲဝင် အမျိုးသား(၂၂)သင်း၊ အမျိုးသမီး (၁၂)သင်းတို့ဖြင့် ဇူလိုင်လ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)