တိုက်ကြီး ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူလယ်သမားများအနေဖြင့် ရိတ်သိမ်းချိန်တွင် ဈေးပေါပေါဖြင့် ရောင်းချရခြင်းကို ရှောင်ရှားနိုင်ရန်နှင့် သီးနှံကို အာမခံထား၍ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ရန် ရည်ရွယ်ကာ သီးနှံအပ်နှံလက်မှတ် အာမခံချေးငွေစနစ် ဖြစ်နိုင်ခြေဆန်းစစ်ခြင်း စစ်တမ်းကောက်ယူမှုကို ယနေ့နံနက်ပိုင်းက ဖိုးခေါင်ကျေးရွာအုပ်စု အိုင်ကလောင်ကျေးရွာ၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်ဝန်ထမ်းများက အိုင်ကလောင်ကျေးရွာရှိ တောင်သူ ၁၀ ဦးအား အချက် ၄၉ ချက်ပါဝင်သည့် သီးနှံအပ်နှံလက်မှတ် အာမခံချေးငွေစနစ် ဆန်းစစ်မေးခွန်းလွှာတွင် တောင်သူများနှင့် အကိုက်ညီဆုံးအဖြေ ဖြေဆိုထားမှုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)