မူဆယ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန့်နေ့နံနက် ၁၀ နာရီက ပြုလုပ် သည်။
အခမ်းအနားကို Grade-12 အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများက လမ်းပြကြယ် သီးချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်က အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်နိုင်က ကျောင်း၏အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် နဝမတန်း လူရည်ချွန်ကျောင်းသား မောင်အံ့ဘုန်းမော်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်သည်။ ဆက်လက်ပြီး တက္ကသိုလ်ဝင်တန်း သင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေပြီး လူရည်ချွန်ကျောင်းသားမောင်အံ့ဘုန်းမော်နှင့် ကျောင်းအုပ်ဆရာမ ဒေါ်ယုယုသန်းတို့က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)